သိန်း ရာဂဏန်းအထိ ပြန်ကျလာသည့် ပြည်တွင်းကားဈေးကွက် အခြေအနေ
“အခုက အောက်ကား အနည်းအကျဉ်းလောက် အရောင်းအဝယ် ဖြစ်တာကလွဲပြီး ဈေးကွက်အေးသွားတယ်။ ကားအမျိုးအစားအလိုက် အမြင့်ဆုံးဈေးထက် ကျပ်သိန်း ၁၀၀ ကနေ ၁၅၀ ဝန်းကျင်အထိ ပြန်ကျလာတယ်။ သိန်း ၃၀၀၀ အထိ ဈေးခေါ်ခဲ့တဲ့ အာတီဂါဆိုရင်လည်း သိန်း ၅၀၀ ၊ ၆၀၀ အထိကို ဆင်းသွားတယ်” လို့ ဝါရင့် ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ တယောက်က ပြောပါတယ်။
လက်ရှိ စျေးကွက်အတွင်း မော်ဒယ်မြင့် SUV (Sport Utility Vehicle) ကားတွေနဲ့ လူကြိုက်များတဲ့ ကားအသစ်တချို့ ခေါ်စျေးတွေ အနည်းငယ်စီ ပြန်လည် ကျဆင်းလာပေမယ့် လုပ်ငန်းသုံး၊ အိမ်စီးကား အလတ်စားတွေနဲ့ စျေးနှုန်းသက်သာတဲ့ မော်ဒယ်နိမ့်ကားတွေကတော့ အရောင်းအဝယ် ပုံမှန် ရှိနေဆဲပဲလို့ သူက ပြောပါတယ်။
“ဆီဈေး တက်သွားတာကြောင့်ရော၊ ကားဈေးအမြင့်ဆုံး ရောက်သွားတာကြောင့်ရော အဝယ်သမားတွေ အားလုံးလိုလိုက အဝယ်တွေ ခဏ ရပ်ထားကြတယ်။ အခြေအနေ စောင့်ကြည့်နေကြတယ်ပေါ့။ သိန်းထောင်ချီ ခေါ်ထားတဲ့ ကားတချို့ဆိုရင် အဝယ်မရှိတော့လို့ သိန်းရာဂဏန်းကနေ ထောင်ဂဏန်းအထိ စျေးပြန်လျှော့ပြီး ခေါ်လာကြတာမျိုးရှိတယ်” လို့ သူက ပြောပါတယ်။
ပြည်ပကနေ ကားအစိတ်အပိုင်းတွေ တင်သွင်းပြီး ပြည်တွင်းမှာ ထုတ်လုပ် တပ်ဆင်တဲ့ SKD နဲ့ CKD ကားတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေက စက်ရုံထုတ်ဈေးထက် ပြင်ပပေါက်ဈေး ကျပ်သိန်းထောင်ချီ မြင့်တက်ကာ ဝယ်လိုအား ကောင်းခဲ့ပေမယ့် အခု အောက်တိုဘာ လဆန်းပိုင်းမှာ ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်သာ ရှိတော့တယ်လို့ ကားဈေးကွက် ကျွမ်းကျင်သူတစ်ယောက်က ပြောပါတယ်။
“ကားဈေးမဆင်းဘူးလို့ ပြောနေကြပေမယ့် Suzuki Ertiga type D က အရင် သိန်း ၂၈၀၀ ကျော်ကနေ အခု သိန်း ၂၆၀၀ ကျော်အထိ ဈေးချရောင်းနေရတယ်။ ၂၅၀၀ ကျော်တောင် ဝယ်သူ မရှိတော့ဘူး။ တခြားကားတွေကလည်း သီတင်းကျွတ် ပရိုမိုးရှင်းဆိုပြီး သိန်း ၅၀ ကနေ ၁၀၀ အထိ ဆင်းနေတယ်။ EV ကားတွေလည်း အရောင်းအဝယ် ငြိမ်နေတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှု၊ ကျပ်ငွေကြေးတန်ဖိုး ကျဆင်းမှုတို့ကြောင့် ငွေကိုင်ထားသူတချို့က ကားဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလာကြတဲ့အတွက် ပြီးခဲ့တဲ့ လတွေက ဝယ်လိုအားတွေ မြင့်တက်ခဲ့ပြီး ဈေးနှုန်းတွေ အမြင့်ပိုင်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
စျေးကွက် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ နိုင်ငံခြား ငွေလဲလှယ်နှုန်းနဲ့ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေပေါ် မူတည်ကာ စျေးကွက်အခြေအနေ ဆက်လက် ပြောင်းလဲနိုင်ခြေ ရှိနေပြီး လက်ရှိ အဝယ်အေးနေတဲ့ အခြေအနေကြောင့် စျေးနှုန်းတွေ ထပ်မံ ကျဆင်းလာနိုင်ခြေ ရှိ၊ မရှိ ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ သိရပါတယ်။
Photo - CJ
Credit



