အင်ဂျင်ဝိုင် မစစ်ဆေးဘဲ မောင်းရင် ကြုံရနိုင်တဲ့ အန္တရာယ်များ
အင်ဂျင် အသံကြမ်းလာခြင်း – သတ္တုအချင်းချင်း ပွတ်တိုက်မိပြီး အင်ဂျင်ဆူညံလာမယ်။
အဆွဲအရုန်းကျပြီး အင်ဂျင်အပူတက်ခြင်း – ဆီချောဆီမလုံလောက်လို့ ပစ္စတင်နဲ့ ဆလင်ဒါတွေ ပူလာပြီး ဆွဲအားကျလာမယ်။
ဆီစားနှုန်း သိသိသာသာ မြင့်တက်လာခြင်း – အင်ဂျင်က ပုံမှန်ထက် ဝန်ပိုရုန်းရတာကြောင့် ဆီပိုစားလာမယ်။
သိန်းဆယ်ဂဏန်းကုန်ကျမယ့် ပြုပြင်စရိတ် – အင်ဂျင်ဂျမ်းဖြစ်သွားရင် Overhaul (စက်ပြန်ချ) လုပ်ရပြီး ငွေကုန်ကြေးကျ အလွန်များမယ်။
အင်ဂျင်ဝိုင်ကို မှန်ကန်တိကျစွာ စစ်ဆေးနည်း (၅) ဆင့်
၁. မြေပြင်ညီတဲ့နေရာမှာ ကားကိုရပ်ပါ
ကုန်းစောင်း ဒါမှမဟုတ် ချိုင့်ခွက်ထဲမှာ ရပ်တိုင်းရင် ဆီပမာဏ လွဲမှားနိုင်ပါတယ်။
၂. အင်ဂျင်အပူချိန်ကို သတိပြုပါ
ကားမောင်းပြီးပြီးချင်း စက်မသတ်ဘဲ အင်ဂျင်ဝိုင်မတိုင်းပါနဲ့။ စက်သတ်ပြီး အနည်းဆုံး ၅ မိနစ်ကနေ ၁၀ မိနစ်ခန့် စောင့်ပါ (အပေါ်ရောက်နေတဲ့ ဆီတွေ အောက်ခြေ Crankcase ထဲ အကုန်ပြန်ကျဖို့ အချိန်ပေးရပါမယ်)
၃. တိုင်းတံကို ဆွဲထုတ်ပြီး သန့်ရှင်းအောင် သုတ်ပါ
Dipstick (တိုင်းတံ) ကို ပထမတစ်ကြိမ် ဆွဲထုတ်ပြီး အဝတ်ခြောက် သို့မဟုတ် တစ်ရှူးနဲ့ ဆီစင်အောင် အရင်သုတ်ပစ်ပါ။
၄. တိုင်းတံကို အဆုံးထိ ပြန်ထည့်ပြီး ပြန်ဆွဲထုတ်ပါ
ဒီတစ်ကြိမ် ပြန်ဆွဲထုတ်လိုက်တဲ့အချိန်မှာ ပြသတဲ့ ဆီအမှတ်အသားဟာ အမှန်ဆုံးဖြစ်ပါတယ်။
၅. ဆီပမာဏနဲ့ အရောင်ကို စစ်ဆေးပါ
ပမာဏ (Level) : ဆီမျက်နှာပြင်ဟာ F (Full / အမြင့်စက်) နဲ့ L (Low / အနိမ့်စက်) ကြား (သို့မဟုတ် အမှတ်နှစ်ခုကြား) မှာ ရှိရပါမယ်။ L အောက် ရောက်နေရင် ချက်ချင်း ဆီဖြည့်ပေးပါ။
အရောင် (Quality) : ရွှေဝါရောင် သို့မဟုတ် ပယင်းရောင်ကြည်ကြည် ဖြစ်ရပါမယ်။ မည်းနက်ပြီး မီးသွေးခဲလို အကျဲအပျစ် ပျက်နေရင်တော့ ဝိုင်ချက်ချင်းလဲဖို့ အချိန်တန်ပါပြီ။
💡 အဓိကအချက်
အင်ဂျင်ဝိုင် စစ်ဆေးဖို့ အချိန် ၃ မိနစ်ပေးတာဟာ နောင်မှာ သိန်းဆယ်ဂဏန်း ကုန်ကျမယ့် အင်ဂျင်ပြုပြင်စရိတ်ကို ကြိုတင်ကာကွယ်လိုက်တာပါပဲ။
Credit to Delight Tech



