၅ နှစ်ကြာ ပျောက်ကွယ်သွားပြီးမှ Prado တို့ကို ယှဉ်ဖို့ ပဉ္စမမျိုးဆက်နဲ့ ပြန်လာပြီဖြစ်တဲ့ Mitsubishi Pajero
1990 ဝန်းကျင်မှာ Mitsubishi က ပြင်သစ်နိုင်ငံ ပါရီမြို့ကနေ ဆီနီဂဲလ်နိုင်ငံ ဒါကာမြို့အထိ ဆာဟာရသဲကန္တာရကြီးကို ဖြတ်ကျော်၊ ကီလိုမီတာပေါင်း တစ်သောင်း၊ ရက်ပေါင်း ၁၀ ရက်လောက် ခရီးနှင်ပြီး ပြိုင်ဆိုင်ရတဲ့ Paris Dakar Rally ပွဲမှာ Pajero Evolution rally ကားနဲ့အတူ အနောက်နိုင်ငံတွေက Citroen, VW, BMW စတဲ့ ပြိုင်ဖက်အသင်းကြီးတွေကို ကျော်ကာ ချန်ပီယံဆုကို ငါးကြိမ်ကြိမ်တိတိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကနေ ရလိုက်တဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံတွေက V46 ကနေ ဖားပြုတ် generation ကို ပြောင်းတဲ့အခါ Mitsubishi အတွက် chasis နဲ့ suspension ပိုင်းကို အဆင့်မြှင့်ဖို့ တော်တော်လေး အထောက်အကူပြုနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်ပဲ ဖားပြုတ်ကို သမရိုးကျ frame ပေါ် body တင်ထားတဲ့ Body on Frame/ Ladder Frame chasis နဲ့ မဟုတ်တော့ပဲ CRV, Harrier တို့လို့ Monocoque/ Unibody ပုံစံကို ပြောင်းပြီး Suspension ကိုပါ Solid axle ကနေ Independent Suspension တွေပြောင်းပစ်လိုက်တာကြောင့် မြို့ထဲမှာ စီးရဝာာငြိမ့်တယ်၊ highspeed အကွေ့တွေမှာ ဆွဲကွေ့ရင် ငြိမ်တယ်၊ ladder frame + solid axle နဲ့ Land Cruiser တွေလို မလူးဘူး ဆိုတဲ့ အားသာချက်တွေရလာတာဖြစ်ပါတယ်။ အဲ့လိုဆိုလို့ V46 တွေလို အကြမ်းပတမ်းမရတဲ့ သာမန်ကာလျှံကာ SUV လေးဖြစ်သွားတယ်ထင်ရင်တော့ မှားသွားပါမယ်။ Mitsubishi ရဲ့ Super Select 4 ကိုလည်း upgrade လုပ်ပေးထားလို့ off road မှာ ဆရာဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းထားနိုင်ခဲ့ပါသေးတယ်။
gen iii ဖားပြုတ်ခေတ်မှာလည်း Dakar Rally မှာ ဆက်ပြိုင်၊ 2001 ကနေ 2007 အထိ ၇ နှစ်တောက်လျှောက်နိုင်ပြီး စုစုပေါင်း ချန်ပီယံ title 12 ခုနဲ့ သမိုင်းမှာ အအောင်မြင်ဆုံး အသင်းအဖြစ် စံချိန်တင်ထားခဲ့တာ ဒီနေ့အထိပါပဲ။
ဖားပြုတ်တွေကောင်းကြောင်း စာဖွဲ့တာများသွားပါပြီ။
ဖားပြုတ်မျိုးဆက်ပြီးတော့ 2006 မှာ gen iv ဆက်ထုတ်ပါတယ်။ မြန်မာပြည်မှာ ရှားတဲ့ model ပါ။ တခြားနိုင်ငံတွေမှာလည်း Land Cruiser 200, Prado တို့ရဲ့ Toyota ဖြစ်ပြီးနာမည်ကြီးတဲ့ အချက်ကိုတော့ မကျော်နိုင်ပါဘူး။ ဒါပေမယ့် Owner Forum တွေလိုက်ဖက်ကြည့်ရသလောက် Toyota တွေကို ကျော်ပြီး Pajero ရွေးလိုက်တဲ့လူတိုင်းကတော့ Pajero မှ Pajero ဖြစ်သွားကြတာ တွေ့ရပါတယ်။
အဲဒီလိုနဲ့ gen iv ကို 2006 ကနေ 2021 အထိ 15 နှစ်ကြာအောင် ဆွဲဆန့်ပြီး ထုတ်ခဲ့ပေမယ့် ရောင်းအားတွေကျပြီး Mitsubishi ကိုယ်တိုင်ကိုက ယိုင်နဲ့နဲ့ ဖြစ်လာတာကြောင့် 2021 မှာ Pajero ထုတ်လုပ်မှု အပြီးတိုင် ရပ်ပြီလို့ ကြေငြာပါတယ်။
၅ နှစ်ကြာပြီးတဲ့နောက်မှာတော့ ပဉ္စမမျိုးဆက်နဲ့အတူ Pajero တွေကို ပြန်လာပြီလို့ ပြီးခဲ့တဲ့အပတ်ကပဲ Mitsubishi က ထပ်မံကြေငြာခဲ့ပါတယ်။
ဒီတစ်ခါတော့ Unibody ကနေ Mitsubishi Pajero Sport ရဲ့ Ladder Frame ကို ပြန်လည် ပြင်ဆင်ပြီး Toyota Land Cruiser 250 Prado, Ford Everest တို့နဲ့ ယှဉ်ပြိုင်မယ့် Body on Frame SUV အဖြစ်နဲ့ ထုတ်မယ်လို့ဆိုပါတယ်။
200 hp ထွက်မယ့် 2.4L Turbo Diesel ကိုမှ 8 speed auto နဲ့လာပါမယ်။ ရှေ့နောက် independent suspension ၊ Super all wheel Control + Super Select 4WD II ဖြစ်လို့ Center and Rear Differential Lock တွေပါ ပါပါမယ်။
ရုပ်ထွက်နဲ့ အတွင်းခန်းကလည်း တော်တော်လေးကို သားသားနားနားရှိပါတယ်။
ထုတ်တာက ထိုင်းမှာ ထုတ်မှာပါ။
ထိုင်းရဲ့ Pajero Sport က review တွေကောင်းတဲ့အပြင် စီးကြည့်တာလည်း မဆိုးလှတော့ ဒီ formula ပေါ်မှာပဲ အခြေခံပြီး Pajero အထိဖြစ်အောင် မှန်မှန်ကန်ကန် လုပ်နိုင်ရင်တော့ တော်တော်လေး အလားအလာရှိတဲ့ SUV တစ်စီးလို့ ယူဆရပါကြောင်း...
by The Car Addicts



