ရန်ကုန်-မန္တလေး အမြန်လမ်း (၆၁/၂) မိုင်တိုင်ရှိ အရေးပေါ် တာယာအကူအညီပေးရေး ဝန်ဆောင်မှု
အမြန်လမ်းမှာ ဒုက္ခရောက်နေတဲ့ ကားသမားတွေကို အမြဲတစေ အခမဲ့ လိုက်လံကူညီပေးနေတဲ့ စေတနာရှင် ဦးလှသိန်းနဲ့ မိတ်ဆွေတွေက အမြန်လမ်းမကြီးပေါ်မှာ အခမဲ့ တာယာအငှားဆိုင် နှစ်ဆိုင်ကို စီစဉ်ဖွင့်လှစ်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။
ပထမဆုံး ဆိုင်လေးကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က မိုင်တိုင် ၆၁/၂ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆိုင်လေးဟာ မိုင်တိုင် ၅၂ ကနေ ၇၆ အတွင်း အခက်အခဲဖြစ်နေသူတွေကို သွားရောက်ကူညီပေးနေတာပါ။ အငှားစနစ်ကလည်း အရမ်းကို လွယ်ကူပါတယ်။ ရန်ကုန်ဘက်သွားမယ့်ကားတွေက ၃၉ မိုင် တာယာဆိုင်မှာ၊ နေပြည်တော်ဘက်သွားမယ့် ကားတွေက ၈၄ မိုင် တာယာဆိုင်မှာ ဝင်ရောက်လဲလှယ်ထားခဲ့ရုံပါပဲ။ တာယာဆိုဒ် ၁၂ ကနေ ၂၀ အထိ အသင့်ရှိနေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရီးသွားတွေ ပိုမိုအဆင်ပြေစေဖို့ ဒုတိယမြောက် တာယာအငှားဆိုင်ကိုလည်း မိုင်တိုင် ၁၃၈/၀ (BOC ဆီဆိုင်အနီး) က ကိုဇော်မျိုးဦးရဲ့ ကားစက်ပြင်အလုပ်ရုံနဲ့ တွဲဖက်ပြီး လာမယ့် အောက်တိုဘာလ ပထမပတ်မှာ ထပ်မံဖွင့်လှစ်သွားဦးမှာပါ။ မိုင်တိုင် ၁၂၅ ကနေ ၁၄၅ အတွင်း တာယာငှားရမ်းလိုပါက ဆက်သွယ်နိုင်ပြီး၊ ရန်ကုန်ဘက်အဆင်း ၁၁၅ မိုင် တာယာဆိုင်နဲ့ နေပြည်တော်ဘက်အသွား ၁၇၃ မိုင် (သာဂရလမ်းခွဲ) တာယာဆိုင်တွေမှာ အလွယ်တကူ ပြန်လည်အပ်နှံနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယဆိုင်မှာတော့ ဂွေပါတပ်ဆင်ထားတဲ့ တာယာဆိုဒ် ၁၂ ကနေ ၁၈ အထိ ရရှိနိုင်မှာပါ။
အံ့ဩဝမ်းသာစရာ အကောင်းဆုံးကတော့ တာယာငှားရမ်းခ လုံးဝ (အခမဲ့) ဖြစ်ပါတယ်။ မိမိကားပျက်တဲ့နေရာအထိ လာရောက်ပေးမယ့် ကားခနဲ့ တာယာဖြုတ်တပ်ပေးမယ့် ဝန်ထမ်းရဲ့ လုပ်အားခကိုသာ ပေးဆောင်ရမှာပါ။ "မထားဘဲ ယူသွားရင်တော့ လှူလိုက်ပါပြီ" ဆိုတဲ့ ဦးလှသိန်းရဲ့ စကားတစ်ခွန်းက သူ့ရဲ့ ကြီးမားတဲ့ စေတနာကို မီးမောင်းထိုးပြနေပါတယ်။
အမြန်လမ်းပေါ်မှာ ကားပျက်ရင်ဖြစ်ဖြစ်၊ အခက်အခဲကြုံရင်ဖြစ်ဖြစ် "နိုင်သမျှ ကူညီပါမယ်" ဆိုတဲ့ ဦးလှသိန်း (ဖုန်း - ၀၉ ၅၀၄၀၅၇၄) နဲ့အတူ မိုင်တိုင် ၁၂၅ - ၁၄၅ အတွက် ကိုဇော်မျိုးဦး (ဖုန်း - ၀၉ ၄၂၈၁၄၁၇၆၈၊ ၀၉ ၆၈၆၂၁၅၂၇၇) တို့ကို အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းခံနိုင်ပြီဖြစ်ကြောင်း ခရီးသွားပြည်သူတွေအတွက် ဝမ်းမြောက်ဖွယ် တင်ဆက်လိုက်ရပါတယ်။
Credit to Shwe Khit Media & Today Trendy



