ဝန်ထမ်းသစ်များဆွဲဆောင်နိုင်ရန် စက်ရုံပိတ်ရက်ပုံစံသစ် ပြောင်းလဲတော့မည့် ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများ
လုပ်သားအင်အား ပိုမိုဆွဲဆောင်နိုင်ရေး ကြိုးပမ်းမှုအဖြစ် မော်တော်ယာဉ် ထုတ်လုပ်သူများသည် ဂျပန်နိုင်ငံ၏ Golden Week ရုံးပိတ်ရက် ကာလအတွင်း ရုံးဖွင့်ရက်များကို ပိတ်ရက်အဖြစ် သတ်မှတ်လေ့ရှိသည့် လုပ်ငန်းခွင် အစဉ်အလာများကိုလည်း ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်မှာ စက်ရုံပိတ်ရက်များကို နိုင်ငံတော်၏ ပုံမှန်ရုံးပိတ်ရက် ပြက္ခဒိန်နှင့် ကိုက်ညီမှုရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်။
တိုယိုတာ (Toyota Motor Corp) နှင့် ဟွန်ဒါ (Honda Motor Co) အပါအဝင် အဓိက မော်တော်ယာဉ် ထုတ်လုပ်သူများသည် စက်မှုလုပ်ငန်းသုံး သီးသန့်ပြက္ခဒိန်အရ အစဉ်အလာအားဖြင့် အမျိုးသားရုံးပိတ်ရက်များတွင် စက်ရုံများကို ပုံမှန်အတိုင်း လည်ပတ်ပြီး ဘွန်း (Bon) နွေရာသီ ပိတ်ရက်ကာလ၊ နှစ်သစ်ကူး ပိတ်ရက်ကာလတို့၌သာ ကာလရှည် စက်ရုံပိတ်ပေးသည့် စနစ်ကို ကျင့်သုံးခဲ့ကြသည်။
လက်ရှိ စက်ရုံအချိန်ဇယားများသည် စက်ရုံလည်ပတ်သည့် ရက်များကို စုစည်းထားခြင်းဖြင့် ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခဲ့သလို ကာလရှည် ပိတ်ရက်များအတွင်း စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းများကို ပြုလုပ်နိုင်ခဲ့သည်။
သို့သော်လည်း လင်မယားနှစ်ဦးစလုံး အလုပ်လုပ်သည့် မိသားစုများ ပိုမိုများပြားလာသည်နှင့်အမျှ ယင်းကဲ့သို့ အချိန်ဇယား သတ်မှတ်ချက်သည် မိသားစုနှင့်အတူ ကုန်လွန်ရသည့် အချိန်ကို နည်းပါးစေသည်ဟု ဝန်ထမ်းများ၏ တိုင်ကြားမှုများ ပိုမိုထွက်ပေါ်လာခဲ့သည်။ ထို့အပြင် အခြားသော စက်မှုလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက နှစ်စဉ် အလုပ်ပိတ်ရက် နည်းပါးခြင်းကလည်း မော်တော်ယာဉ် စက်မှုလုပ်ငန်းကို အလုပ်အကိုင် ဈေးကွက်တွင် ဆွဲဆောင်မှု နည်းပါးသွားစေခဲ့သည်။
၂၀၂၇ ခုနှစ် ဧပြီလမှစ၍ Golden Week ကာလအတွင်း ရုံးဖွင့်ရက်များကို ပုံမှန် အလုပ်လုပ်ရက်များအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး အစဉ်အလာအားဖြင့် အလုပ်လုပ်ရက်ဖြစ်ခဲ့သည့် အချို့ တနင်္လာနေ့ ရုံးပိတ်ရက်များကိုမူ ပိတ်ရက်များအဖြစ် အစားထိုး ပြောင်းလဲသွားမည်ဖြစ်သည်။ နှစ်စဉ် စက်ရုံစုစုပေါင်း လည်ပတ်သည့် ရက်ပေါင်းမှာမူ ပြောင်းလဲမည်မဟုတ်ပေ။
အဆိုပါ ပြုပြင်ပြောင်းလဲမှု၏ ရည်ရွယ်ချက်မှာ "ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ပြက္ခဒိန်နှင့်အညီ အနားယူနိုင်ရေး၊ ခွန်အားသစ် ပြန်လည်ဖြည့်တင်းနိုင်ရေးနှင့် နေ့စဉ်အလုပ်ခွင်တွင် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးတို့အတွက် ဖြစ်သည်" ဟု ဆူဇူးကီး (Suzuki Motor Corp) ၏ ဥက္ကဋ္ဌနှင့် အဆိုပါ စက်မှုလုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ တိုရှီဟိရို ဆူဇူးကီး (Toshihiro Suzuki) က မေလအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
အစိတ်အပိုင်း ပံ့ပိုးပေးသည့် စက်ရုံများနှင့် အခြားသော ကုမ္ပဏီများသည် မော်တော်ယာဉ် ထုတ်လုပ်သူများ၏ ထုတ်လုပ်မှု အချိန်ဇယားများနှင့် ကိုက်ညီအောင် အစိတ်အပိုင်း ပေးပို့မှုများကို ချိန်ညှိရမည်ဖြစ်သဖြင့် ယခုပြောင်းလဲမှုသည် မော်တော်ယာဉ် ထောက်ပံ့ရေး ကွင်းဆက်တစ်ခုလုံးပေါ်သို့ ရိုက်ခတ်မှုများ ရှိလာမည်ဟု မျှော်လင့်ရသည်။
"စက်ရုံ အချိန်ဇယား ပြောင်းလဲမှုတွေ ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မော်တော်ယာဉ် ထုတ်လုပ်သူတွေဘက်က ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။ နောက်ဆုံးမှာတော့ ပိတ်ရက် အရေအတွက် တိုးမြှင့်ပေးဖို့အထိ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဂျပန် မော်တော်ယာဉ် လုပ်သားများ သမဂ္ဂများ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref: Japan Today
by InfoSphere Myanmar



