အမြန်လမ်းပြေးဆွဲနေသည့် ယာဥ်များ ခရီးသည်၏ပစ္စည်းမှလွဲ၍ အခြားကုန်များတင်ပါက အရေးယူခံရမည်
ထို့ပြင် အမြန်လမ်းသုံးစွဲခွင့်ပါရုပ်သိမ်းခြင်းခံရမည်ဖြစ်ကြောင်း ဆိုထားသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ် express များအနေဖြင့်လည်း ကညနကသတ်မှတ်ထားသော ခရီးသည်ဦးရေအတိုင်းသာတင်ဆောင်ရန်၊ ခရီးသည်၏ ပစ္စည်းမှလွဲ၍ အခြားကုန်များမတင်ကြရန် သတ်မှတ်ထားပြီး အကယ်၍ ခရီးသည်တင်ယာဥ်၌ အခြားကုန်များတင်ပါက ကုန်အလေးချိန်ကြောင့် ယာဥ်ဘီးပေါက်/ဘရိတ်မမိ/တိမ်းမှောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
အမြန်လမ်းသို့ မဝင်ရောက်မီ ယာဉ်မောင်းများအနေဖြင့် မိမိယာဥ်၏ တာယာ၊အချက်ပြမီး၊ ဘရိတ်စနစ်၊ ဆိုင်းထိန်းစနစ်၊ရေသုတ်တံ(ဝိုက်ပါ) အစရှိသည့် ယာဥ်သွားလာမှုဆိုင်ရာ ထိန်းကျောင်းစနစ်များကို ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေးကြိုတင်ဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။
ထို့ပြင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညိုဖြစ်စဥ်မှာအမြင့်ဆုံးအခြေအနေသို့ရောက်ရှိနိုင်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ယခုဆောင်းရာသီနှင့် နွေရာသီကာလများ၌ အပူချိန် မြင့်မားခြင်း ဖြစ်ပေါ်လာနိုင်သောကြောင့်အမြန်လမ်းမကြီး၏မျက်နှာပြင်မှာလည်း အပူချိန်များထူးကဲမြင့်တက်လာနိုင်ကြောင်း ဆိုထားသည်။
ထိုသို့အပူချိန်မြင့်မားချိန် ခရီးတင်ယာဥ်များ၏တာယာပန်းများမှာ အနည်းဆုံးသတ်မှတ်အထူနှင့် ရာဘာကောင်းမွန်မှု သက်တမ်းရှိရမည်ဖြစ်ပြီး၊ ယာဥ်ထုတ်လုပ်သူ သတ်မှတ်ထားသော လေပေါင်အတိုင်း အတိအကျထိုးထားမှသာအပူချိန်နှင့် ပွတ်တိုက်မှုကြောင့် တာယာပွင့်ထွက်ခြင်း ကင်းဝေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့
credit to The Standard Time Daily



